Bipolar Mood Disorder လို့ခေါ်တဲ့ စိတ်နှစ်ခွဖြစ်ခြင်း
စိတ်နှစ်ခွဖြစ်တယ်ဆိုတဲ့စကားကိုတော့ လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ တစ်စုံတစ်ခုကို ဝေခွဲရခက်ခဲနေတဲ့နေရာတွေ၊ ရွေးချယ်ရခက်ခဲနေချိန်တွေမှာ ပြောလေ့ပြောထရှိတတ်ပါတယ်။ ဒါပေမယ့် စိတ်ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်တဲ့ စိတ်နှစ်ခွဖြစ်ခြင်း (Bipolar Mood Disorder ) ကတော့ ရွေးချယ်ရခက်ခဲတဲ့ အခြေအနေမျိုးထက် အများကြီးပါတဲ့ ပြဿနာတစ်ခုပါ။
ဒီဝေဒနာခံစားနေရသူတွေမှာ စိတ်အသွင်နှစ်မျိုးဖြစ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်တအားတက်ကြွခြင်းများ တစ်လှည့်စီ တစ်ကြိမ်မက ဖြစ်ပေါ်နေတတ်တယ်။ တက်လိုက်ကျလိုက် အကြိမ်ရေ စိပ်ကောင်းစိပ်နိုင်သလို ကြားထဲမှာ ပုံမှန်စိတ်အခြေအနေဖြစ်နေချိန်လည်းရှိနိုင်ပါတယ်။
စိတ်ဓာတ်ကျနေချိန်မှာ
- အမြဲတစေ ဝမ်းနည်းနေမယ်
- ဘာကိုမှ စိတ်မဝင်စားပဲ အာရုံစူးစိုက်မှု လျော့နည်းနေမယ်
- အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းလျသလို ခံစားနေရမယ်
- အပြစ်ရှိတယ်လို့ ကိုယ့်ဟာကို မှတ်ယူတယ်
- အကြောင်းအရင်းမယ်မယ်ရရမရှိပဲ အိပ်မပျော် စားမဝင်နဲ့ ဖြစ်နေမယ်
- ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးပမ်းမယ်။
စိတ်တက်ကြွချိန်မှာတော့
- တက်ကြွပျော်မြူးနေမယ်
- စိတ်ဆတ်မယ်
- စကားတွေ အရမ်းများမယ်
- စကားကြီး၊ စကားကျယ်တွေ ပြောမယ်
- စကားတစ်ခွန်းနဲ့ တစ်ခွန်း အဆက်အဟက်မရှိ တရစပ်တွေပြောမယ်
- စိတ်တို စိတ်ဆိုးလွယ်မယ်
- လိင်စိတ် တက်ကြွလွန်းနေမယ်
- မမြင်မှား အကြားမှားတွေ မြင်ကြားပြီး ထင်ယောင်ထင်မှားတွေ ဖြစ်နေမယ်။
Bipolar Mood Disorder ခံစားနေရပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးများ အနေနဲ့ အရက်၊ မူးယစ်ဆေး၊ အိပ်ဆေးများစွဲခြင်း၊ နေ့စဥ်လုပ်ငန်းတွေမှာ မလျော်ညီတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ငွေကြေးနဲ့ လူမှုရေးပြသာနာများ၊ ပြစ်မှုများ ဖြစ်ပွားလာနိုင်ပါတယ်။
စိတ်အခြေအနေမူမမှန်ခြင်းကို စောစောသိဖို့လိုပါတယ်။ ဒါမှသာ လူနာအတွက် ထိရောက်တဲ့ဆွေးနွေးကုသမှုများ အချိန်မီရယူနိုင်မှာဖြစ်တာကြောင့်ပါ။
- သတ်သေချင်စိတ်တွေ ပေါ်လာတာ၊
- မိမိကိုယ်ကို ဝေဖန်အပြစ်တင်စိတ်တွေ များလာတာနဲ့
- မကောင်းမြင်စိတ်တွေ တိုးပွားလာနေတာတွေကို တားဆီးနိုင်ဖို့အတွက် မိသားစုဝင်များ၊ မိတ်ဆွေများက စိတ်ရောဂါအထူးပြုဆရာဝန်များနဲ့ စနစ်တကျတိုင်ပင်ပြီး ကူညီဖေးမပေးဖို့ အရေးကြီးပါတယ်။
Bipolar Mood Disorder ဟာ ပေါ့ဆသင့်တဲ့ကျန်းမာရေးပြဿနာမဟုတ်တာကို သိနားလည်ဖို့ လိုအပ်ပါတယ်။
Dr. May Myat Tun